ငရဲပန်း ရွှေပန်းထင်
ငရဲပန်း ရွှေပန်းထင်
-----------------------
ဒီနေရာလေးမှာ မေးစရာရှိပါတယ်။ ဒီဘုံ(၃၁) ဘုံမှာ ငရဲဘုံဆိုတာ အင်မတန်မကောင်းတဲ့ ဘုံဖြစ်ပါတယ်။ ပြိတ္တာ၊ အသူရကယ် တိရစ္ဆာန်ဆိုတဲ့ ဘုံတွေဟာလည်း မကောင်းကြပါဘူး။ ဒါ့ကြောင့် ဒီမကောင်းတဲ့ ဘုံဘ၀မျိုးတွေကို တပ်မက်သာယာတဲ့ တဏှာ ဖြစ်နိုင်ပါ့မလားလို့ မေးစရာ ရှိပါတယ်။ အဖြေကတော့ လွယ်ပါတယ်။ ငရဲကို ငရဲမှန်းသိပြီး မကောင်းဘူးလို့ ထင်တဲ့ လူအဖို့မှာ ငရဲကို မတပ်မက် နိုင်တာ မှန်ပါတယ်။ ငရဲမှန်းမသိတဲ့ လူကတော့ ကောင်တယ်ထင်ပြီး အဲဒဒါကို လိုချင်တပ်မက်ပါတယ်။ အဲဒါဟာ အများကြားဖူးနေတဲ့ မိတ္တ၀ိန္ဒက အကြောင်းအရာနှင့် ထောက်ဆကြည့်ရင် ထင်ရှားနေပါတယ်။
မိတ္တ၀ိန္ဒက ဆိုတဲ့သူဟာ သူ့အမေစကားကို နားမထောင်ဘဲ အမေကို ပြောဆို ပြစ်မှားပြီးတော့ အိမ်ကထွက်သွားပြီး ရောက်တတ်ရာရာကို လျှောက်သွားနေတယ်။ ယခုကာလ လေလွင့်နေတဲ့ အိမ်ပြေးသူငယ်တွေလို နေမှာပေါ့။ အဲဒီလိုရောက်တတ်ရာရာကို သွားနေရင်း သင်္ဘောဆိပ်ရောက်တော့ ပင်လယ်ကူး သင်္ဘောနဲ့ လိုက်သွားတယ်။ ပင်လယ်ထဲမှာ သင်္ဘောလိုရာမသွာဘဲ ဒုက္ခရောက်နေတော့ သူယုတ်မာပါလာလို့ ဒုက္ခရောက်ရတယ်လို့ ယူဆပြီး ကံဆိုးမဲချကြတယ်။ အဲဒီအခါ မိတ္တ၀ိန္ဒက ကိုကံဆိုးမဲက ကျတာနဲ့ သူ့ကို ၀ါးစီးဖောင်ကလေးနဲ့ ပင်လယ်ထဲ မျှောလိုက်ကြတယ်။ အဲဒီလို မျှောလိုက်တာနဲပ တစ်ပြိုင်နက် သင်္ဘောကလဲ အလျင်အမြန်ထွက်သွားပါရောတဲ့။ မိတ္တ၀ိန္ဒက မှာ ရေ၊လေ အဆင်သင့်ရာ မျောနေရင်းက ရှေးက ဥပုသ်စောင့်ခဲ့ဖူးတဲ့ ကုသိုလ်ကံကြောင့် ဝေမာနိက ပြိတ္တာမ လေးယောက်ရဲ ဗိမာန်တစ်ခုကို ရောက်သွားတယ်။ ပြိတ္တာဆိုပေမဲ့ ကုသိုလ်နဲ့ အကုသိုလ် ရောပြီး အကျိုးပေးတဲ့ ဋ္ဌာနဖြစ်တဲ့အတွက် (၇)ရက်အတွင်းမှာ နတ်လိုပဲ ချမ်းသာတာတွေကို ခံစားရပြီးတော့ နောက် (၇)ရက်အတွင်း ငရဲဆင်းရဲမျိုးကို ခံစားရတဲ့ ဘုံဖြစ်နေတယ်။ အဲဒီရောက်သွားတော့ ဗိမာန်ရှင်မတွေက မိတ္တ၀ိန္ဒက ကို ကောင်းစွာ ကျွေးမွေးပြုစုကြတယ်။ (၇)ရက်စေ့တဲ့ အခါကျတော့ အဲဒီ ပြိတ္တာမတွေက အဲဒီမှာပဲ စောင့်နေပါ။ (၇) ရက်စေ့ရင် ပြန်လာပါမယ် လို့ မှာထားပြီး ငရဲခံရန်သွားကြရှာတယ်။ မိတ္တ၀ိန္ဒက မှာခဲ့တဲ့အတိုင်း စောင့်မနေဘူး။ သူ့ဝါးဖောင် ကလေးနဲ့ ဆက်သွားပြီး ခရီးထွက်ပြန်သတဲ့။ သူ့မှာ ဥပုသ်စောင့်ဖူးတဲ့ ကံကထောက်မအတွက် ဝေမာနိက နတ်ပြိတ္တာမ ရှစ်ယောက် ရှိတဲ့ ဗိမာန်တခုကို ရောက်သွားပြန်တယ်။ အဲဒီမှာလည်း (၇)ရက်သာနေပြီး နည်းတူပဲ ၀ါးဖောင်နဲ့ ခရီးထွက်ပြန်တယ်။ ဥပုသ်စောင့်ဖူးတဲ့ ကံကြောင့် ဝေမာနိက နတ်ပြိတ္တာမ (၁၆)ယောက်ရှိတဲ့ ဗိမာန် (၃၂)ယောက်ရှိတဲ့ ဗိမာန်တွေကို အစဉ်အတိုင်း ရောက်သွားတယ်။ အဲဒီဗိမာန်တွေမှာလဲ (၇)ရက်သာနေပြီး နောက်ဆုံး ခရီးထွက်လိုက်တဲ့ အခါ အမိကို ပြစ်မှာမိခဲတဲ့ အကုသိုလ်ကံကြောင့် ပင်လယ်ထဲမှာ ငရဲကျွန်းလေးတခုကို ရောက်သွားတယ်။ အဲဒီမှာ လျှောက်သွားရင်း လည်ဂုတ်ပေါ်မှာ သင်စက်လည်ပြီး အလှီးခံနေရတဲ့ ငရဲသားကို တွေ့ရတယ်။ အဲဒီငရဲသားမှာ သင်တုန်းစက်က လှီနေလို့ သွေးတွေကလဲ နီနီရဲရဲ ပန်းပြီး ဖြာထွက်နေတယ်။ နာကျင်ရှာလွန်းလို့ တအော်အော် တကြော်ကြော်နဲ့ ဆူညံ အောင်လဲ ငိုကြွေးနေရရှာတယ်။
အဲဒီ ငရဲခံနေရတာကို တွေ့ရတော့ မိတ္တ၀ိန္ဒက မှာ အထင် အမြင်တစ်မျိုး ပေါက်လာတယ်။ ဒီလူနှယ်နော် အင်မတန်လှတဲ့ ပန်းကြီးကို ပန်ထားပြီးတော့ ဘာ့ကြောင့် အသံကုန် အော်ဟစ် ငိုကြွေးနေပါလိမ့်မလဲ။ ဒီပန်းပွင့်ကြီးကို ငါပန်ရလျင် သိတ်ကောင်းမှာပဲလို့ တွေးမိသတဲ့။ အဲဒါကို အကြောင်းပြုပြီး ရှေးပညာရှိတွေက "ငရဲပန်း ရွှေပန်းထင်တယ်" လို့ စကားပုံလုပ်ထားခဲ့တယ်။ မိတ်ဆွေခင်ဗျား၊ ဂုတ်ပေါ်က ပန်းပွင့်ကြီးကို ကျွန်တော့်ကို ပေးပါလို့ တောင်းသတဲ့။ ဒီတော့ ငရဲသားက မိတ်ဆွေ ကျွန်တော့် ဂုတ်ပေါ်လှည့်ပြီး လှီးနေတာ ဘယ်လို တိမ်းလို့ရှောင်လို့မှ မရဘူး။ အင်မတန်ကြောက်စရာကောင်းတဲ့ သင်တုန်းစက်ကြီးပါ။ အလွန်ဆင်းရဲလှပါတယ်။ ဒီလောက်ကြီးမားတဲ့ ဆင်းရဲကို ခင်ဗျား မလိုချင်ပါနဲ့လို့ အမှန်အတိုင်းပြောပြီး တောင်းပန်ရှာတယ်။ ဒါပေမယ့် မိတ္တ၀ိန္ဒက က မယုံဘူး။ ဒါ့ကြောင့် ပြန်လည်ချေပပြီးပြောပြန်တယ်။ မိတ်ဆွေရယ် ပန်းပွင့်ကြီးကို ကျနော့်မျက်စေ့နဲ့ မြင်နေတာပဲ။ ဗြောင်လိမ်မနေပါနဲ့။ မပေးချင်လို့ သင်တုန်းစက်လို့ ပြောနေတာပါ။ ဒီပန်းပွင့်ကြီး ခင်ဗျားပန်တာ ကြာလှရော့မယ်။ ကျွန်တော့်ကို ပေးပါတော့လို့ ထပ်တောင်းပြန်တယ်။
ဒီတော့ ငရဲသားက စဉ်းစားတယ်။ အင်း-ဒီလူဟာ ငါ့လိုပဲ အကုသိုလ်ကြီးမားတဲ့ သူနဲ့တူတယ်။ ငါလည်း ဒီငရဲက လွတ်ချိန်တန်ပုံပေါ်တယ်လို့ စဉ်းစားပြီးတော့ "ကဲမိတ်ဆွေသင်လိုချင်တဲ့ ပန်းပွင့်ကြီးကို ယူပေတော့" လို့ ဆိုပြီး သင်တုန်းစက်ကြီးကို မိတ္တ၀ိန္ဒက အပေါ် ပစ်ပေးလိုက်ပါရောတဲ့။ ဒီတော့ သင်တုန်းစက်ကြီးက မိတ္တ၀ိန္ဒက ရဲ ဂုတ်ပေါ် ရောက်ရောက်ချင်း လည်ပြီး လှီးတော့ဒါပဲ။ အဲဒီတော့မှ မိတ္တ၀ိန္ဒက သင်တုန်းစက်မှန်း ရွှေပန်းမဟုတ်မှန်းသိသတဲ့။ သိပေမယ့် အဲဒီ သင်တုန်းစက်က လွတ်အောင် မုလုပ်နိုင်တော့ဘူး။ သူ့ အကုသိုလ်ကံ မကုန်မချင်း အဲဒီသင်တုန်းစက်နဲ့ အလှီးခံနေရတော့တာပဲ။ အဲဒါကို ထောက်ဆကြည့်ရင် အကုသိုလ်ကံရှိတဲ့သူတွေမှာ ငရဲကို ငရဲမှန်း မသိတာနဲ့ကောင်းတယ် ထင်ပြီး တော့ တပ်မက်သာရာတယ်ဆိုတာ ထင်ရှားပါတယ်။ နောက်ပြီးတော့ ငရဲဘုံကို ငရဲမှန်းသိပေမယ့် ကိုယ်တိုင်လည် ငရဲရောက်ပြီး ငရဲသားဖြစ်နေတဲ့ အခါကျတော့ ကိုယ့်ဘ၀ကိုယ်သာယာနေသေးတယ်။ ငရဲဆင်းရဲကို အလိုမရှိပေမယ့် ကိုယ့်ကိုယ်ကိုတော့ ချမ်းချမ်းသာသာ ရှိစေချင်တာပါပဲ။ ဒါကြောင့် ငရဲကိုလည်း ဒီတဏှာက သာယာတပ်မက်ပြီး ငရဲခန္ဓာကိုယ်တွေဆီကို စီးသွားတယ်ဆိုတာ ထင်ရှားပါတယ်။

ပရာဘေဒသုတ် တရားတော်
(မဟာစည် ဆရာတော်ဘုရားကြီး)
(မဟာစည် ဆရာတော်ဘုရားကြီး)
Comments
Post a Comment